မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)၏ အထည်ချုပ် လုပ်ငန်းများအပေါ်သက်ရောက်မှု Position Paper ရေးသားချက်ပေါ် သတင်းစာရှင်းလင်းမှုပြုလုပ်ခဲ့မှုမှ ဆွေးနွေးတင်ပြမှု ကောက်နုတ်ချက်များ

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)၏ အထည်ချုပ် လုပ်ငန်းများအပေါ်သက်ရောက်မှု Position Paper ရေးသားချက်ပေါ် သတင်းစာရှင်းလင်းမှုပြုလုပ်ခဲ့မှုမှ ဆွေးနွေးတင်ပြမှု ကောက်နုတ်ချက်များ

၁၁.၁၂.၂၀၂၀ ရက်နေ့တွင် Myanmar Garment Manufactures Association (MGMA) – မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ Media သတင်းဌာနများသို့ COVID-19 ၏ အထည်ချုပ်လုပ်ငန်းများအပေါ်သက်ရောက်မှု Position Paper တစ်ခုရေးသားထားချက်အပေါ် သတင်းစာရှင်းလင်းပွဲ Press Conference ပြုလုပ်ခဲ့ရာ ဆွေးနွေးတင်ပြမှု ကောက်နှုတ်ချက်မှာအောက်ပါအတိုင်းဖြစ်ပါသည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလုပ်သားများအနက် အမျိုးသမီး လုပ်သားများမှာ ပမာဏ အများဆုံးဖြစ်ပြီး ၎င်းတို့အနက်အများစုမှာ နယ်မှလာရောက်အလုပ်လုပ်ကိုင်သူများဖြစ်သည့်အတွက် ပိုမိုထိခိုက်နစ်နာမှုများ ရှိခဲ့ပါသည်။ အထည်ချုပ်လုပ်ငန်းရှင်များကလည်း အထည်ချုပ်အသင်း (MGMA) မှ တဆင့်သော်လည်းကောင်း၊ စက်မှုလုပ်မှုအသင်းချုပ် (UMFCCI) မှတဆင့် သော်လည်းကောင်း လုပ်ငန်းများထိခိုက်နေမှုကို နိုင်ငံတော်အစိုးရအနေဖြင့် အခြေအနေမှန်များသိရှိနိုင်စေရန် တင်ပြဆွေးနွေး မှုများ ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း COVID-19 ၏ နိုင်ငံရှိ အစိုးရ၊ ပြည်သူ၊ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှု ထိခိုက်မှုများ မည်မျှရှိကြောင်းနှင့် အသင်းအနေဖြင့် အသင်းသားများအကျိုးအတွက် စီစဉ်ဆောင်ရွက်ထားမှုများကို တင်ပြရန်အတွက် အသင်းဝင်အားလုံး၏အသံကို ကိုယ်စားပြု၍ Position Paper ကို COVID-19 ပထမလှိုင်းအပြီး ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

PPE ချုပ်လုပ်မှု

– PPE ချုပ်လုပ်မှုနှင့် ပတ်သက်၍ ပဲခူးနှင့် ရန်ကုန်ရှိ အချို့စက်ရုံများအနေဖြင့် ဆေးရုံသုံး PPE တွေတင်မက လုပ်ငန်းသုံး Safety Wears များကိုပါ ချုပ်လုပ်ပြီး Export လုပ်နေတာရှိပါသည်။ ပြည်တွင်းသုံးစွဲရန်အတွက်ကိုလည်း ချုပ်လုပ်နေတဲ့ စက်ရုံလည်းရှိပါသည်။ Dana Facility မှ ကူညီအားပေးမှုဖြင့် အထည်ချုပ်စက်ရုံများတွင် PPE များထုတ်လုပ်နိုင်စေရန် ကြိုးစားဆောင်ရွက် နေပါသည်။ အခက်အခဲအနေဖြင့် ကမ္ဘာ့ဈေးကွက် ၇၀ % ကို တရုတ်နိုင်ငံမှ ရယူထားသည့်အတွက် ဈေးကွက်ရရှိရန် ခက်ခဲလျှက်ရှိပါသည်။ ဈေးကွက်ရရှိလျှင် PPE ချုပ်လုပ်မည့် စက်ရုံ များစွာရှိပါသည်။

အထည်ချုပ်အသင်း (MGMA) အနေဖြင့် ဆောင်ရွက်ခဲ့မှုများ

– Japan-Myanmar အထည်ချုပ်လုပ်ငန်းရှင်များအသင်း ပေါ်ပေါက်လာခြင်း၊ မြန်မာနိုင်ငံအတွင်းရှိ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင်း အစည်းအဝေးများပုံမှန်ပြုလုပ်ခဲ့ခြင်း၊ အလုပ်ရှင်-အလုပ်သမား-အစိုးရ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပီပြင်လာခြင်း၊ အလုပ်သမားသမဂ္ဂ နှင့် အထည်ချုပ်လုပ်ငန်းရှင်များ အကြားဆက်ဆံရေးများ ပိုမိုကောင်းမွန်လာခြင်း၊ April လတွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် စက်ရုံများအနေဖြင့် ပိတ်ရက်မှ ပြန်လာသော အလုပ်သမားများကို အလုပ်အကိုင်တည်မြဲမှု အာမခံချက်ပေးရန် ထုတ်ပြန်ချက် ညှိနှိုင်းထုတ်ပြန်ခဲ့ခြင်း၊ လူမှုဖူလုံရေးရန်ပုံငွေရရှိအောင် ပူးပေါင်း ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း၊ နိုင်ငံတကာ Brand များကို မေတ္တာရပ်ခံချက်များ ပေးပို့ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

စက်ရုံပိတ်သိမ်းမှုအခြေအနေနှင့် လုပ်သားလျော့ကျမှုများ

– အထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင် ၆၀၀ ကျော်ရှိပြီး အများစု (၅၄၀ ခန့်) မှာ CMP အထည်ချုပ်စက်ရုံများဖြစ်ပါသည်။ အသင်းဝင်မဟုတ်သော စက်ရုံများလည်း ရှိပါသည်။ MGMA ၏ နောက်ဆုံး Data ကောက်ခံမှုကို ၃၆၆ ရုံမှ အကြောင်းပြန်ကြားလာပြီး ၎င်းစာရင်းအရ စက်ရုံ (၄၂) ရုံမှာ ပိတ်သိမ်းပြီးဖြစ်၍ အဆိုပါ စက်ရုံ (၄၂) ရုံတွင် ခန့်မှန်းလုပ်သားအင်အား (၄၀၀၀၀) ကျော်ခန့်ရှိသည်ဟု တွက်ဆထားပါသည်။ အကြောင်းပြန်ကြားမှုမရှိသော စက်ရုံများအနက် မည်မျှပိတ်သိမ်းမှုရှိသည် (သို့မဟုတ်) ဆက်လက်လုပ်ကိုင်နေသည်၊ လုပ်သားလျော့ကျမှုရှိမရှိကို ဆက်လက် စုံစမ်းလျှက်ရှိပါသည်။ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သော စက်ရုံပိတ်သိမ်းစာရင်းတွင် လျော်ကြေးပေး၍ အပြီးပိတ်သိမ်းသောစက်ရုံ အထည်ချုပ်စက်ရုံများအပါအဝင် စုစုပေါင်း (၆၄) ရုံရှိပြီး အလုပ်သမား (၂၅၀၀၀) ခန့်ရှိပါသည်။ အဆိုပါကိန်းဂဏန်းများမှာ လျော်ကြေးပေးသည့် Process အလုံးစုံပြီးစီးကာ ပိတ်သိမ်းသွားသည့် စာရင်းသာဖြစ်ပြီး လျော်ကြေးမပေးရသေးသည့် ပိတ်သိမ်းလုပ်ငန်းများ၊ လျော်ကြေးပေးသည့် Process ကိုလုပ်ဆောင်ဆဲ ပိတ်သိမ်းလုပ်ငန်းများနှင့် အလုပ်သမားစာရင်းများ မပါဝင်ပါ။ ဤကာလတွင် စက်ရုံပိတ်သိမ်းမှုမရှိသော်လည်း COVID-19 ရောဂါကို စိုးရိမ်စိတ်ကြောင့် မိမိဆန္ဒအလျောက် အလုပ်ထွက်ပြီး မိဘရပ်ထံပြန်သွားသော အလုပ်သမားများလည်းရှိကာ စာရင်းအတိအကျကို မသိနိုင်ပါ။ ပိတ်သိမ်းသွားသောစက်ရုံများရှိသကဲ့သို့ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းတွင် စက်ရုံအသစ်များ အသင်းဝင်အဖြစ် ဝင်ရောက်မှုများလည်းရှိကာ ၂၀၂၀ ခုနှစ်တွင် နိုဝင်ဘာလအထိစာရင်းအရ (၅၇) ရုံ တိုးလာခဲ့ပါသည်။ ထို့ကြောင့် အလုပ်သမားလျော့ကျမှုများရှိသကဲ့သို့ စက်ရုံအသစ်များတွင် အလုပ်သမားဝင်ရောက်မှုလည်း ရှိနေနိုင်ပါသည်။ “မြန်ကူ” ဒေတာအရ COVID ပထမလှိုင်းအတွင်း အထည်ချုပ်အပါအဝင် အလုပ်ရုံ (၁၀၆) ရုံနှင့် အလုပ်သမား (၄၀၀၀၀) ကျော်ကို ထောက်ပံ့ကြေးပေးအပ်ခဲ့ပါသည်။

အနည်းဆုံးလုပ်ခလစာသတ်မှတ်မှု ရွှေ့ဆိုင်းခြင်း

– COVID ကာလအတွင်း အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ပြီး National Tripartite Dialogue Forum ကိုကျင်းပခဲ့ပါသည်။ အနည်းဆုံးလုပ်ခသတ်မှတ်ခြင်းနှင့် ပတ်သတ်၍ ဉပဒေအရဆိုလျှင် ၂နှစ်တကြိမ် April, May လတွင် ပြန်လည်သုံးသပ်ရမည်ဖြစ်ပါသည်။ အလုပ်သမားများဖက်မှ လုပ်ခလစာပြန်လည်သုံးသပ်ရန် တင်ပြသည့်အချိန်တွင် လက်ရှိCOVID ကာလသည် အချိန်အခါ ကောင်းမဟုတ်ကြောင်း၊ လုပ်ငန်းများအနေဖြင့် ရှေ့ဆက်ရှင်သန်နိုင်ရန်ပင် ရုန်းကန်နေရသည့် အခြေအနေဖြစ်ကြောင်း၊ ယခင် သုံးသပ်မှု (၂) ကြိမ်တွင်လည်း လုပ်ခလစာများတိုးမြင့်ခဲ့ပါကြောင်း၊ တိုးမြှင့်ရာတွင် အခြားနိုင်ငံများကဲ့သို့ ၂ % ၊ ၃% တက်ခြင်းမျိုးပင်မဟုတ်ပဲ ၃၀ % ၊ ၄၀% အထိ တက်သည့်အတွက် လိုက်မမှီနိုင်တော့ကြောင်း၊ အလုပ်သမားလုပ်ခလစာတိုးရာတွင် နိုင်ငံတကာ ငွေလဲနှုန်းကိုပါ ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ ယခင်တခါ တိုးခဲ့သည့်အချိန်က မြန်မာကျပ်ငွေတန်ဖိုး ကျနေသည့်အချိန်ဖြစ်သည့်အတွက် လုပ်ငန်းများအနေဖြင့် ဆက်လက်ရှင်သန်နိုင်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ယခုအချိန်တွင်မူ မြန်မာကျပ်ငွေတန်ဖိုးတက်လာသည်သာမက ပို့ကုန်သွင်းကုန် Order ရရှိမှုလည်း လျော့ကျလာသည့်အတွက် ဝင်ငွေများလျော့နည်းကာ လုပ်ခလစာပြန်လည်သုံးသပ်ရန် အဆင်မပြေ သေးကြောင်း အလုပ်ရှင်များဘက်မှ ပြန်လည်တင်ပြခဲ့ပါသည်။ အထူးသဖြင့် အထည်ချုပ်လုပ်ငန်း များတွင် ဝင်ငွေ၏ ၇၀% ၊ ၈၀% ကို လုပ်ခလစာအတွက် အသုံးပြုနေရခြင်းဖြစ်ပြီး ယခုကဲ့သို့ Order များလျော့ကျ၍ ဝင်ငွေများကျဆင်းနေသည့်အချိန်တွင် လုပ်ခလစာတိုးပေးရန် အဆင်မပြေခြင်း ဖြစ်ပါသည်။ ထို့အပြင် ၂၀၂၀ ခုနှစ်အတွင်း အလုပ်ပိတ်ရက်နှင့် အစားထိုးပိတ်ရက်များပြားခြင်း၊ COVID ကြောင့် lockdown ချ၍ အလုပ်သမားများအလုပ်မဆင်းနိုင်ခြင်း၊ စသည်ဖြင့် ထုတ်လုပ်မှုလုပ်ငန်း စဉ်ထိခိုက်မှုများရှိရာ လူအင်အားကို အဓိကထားလုပ်ဆောင်ရသည့် အထည်ချုပ်လုပ်ငန်းများတွင် ထိခိုက်မှုအများဆုံးဖြစ်ခဲ့ပါသည်။ ထိုသို့တင်ပြရာတွင် လက်ခံသည့် အလုပ်သမားသမဂ္ဂများ ရှိသကဲ့သို့လုပ်ခလစာပြန်လည်သုံးသပ်ရေးကို ဆက်လက်လုပ်ဆောင်စေလိုသည့် သမဂ္ဂများလည်းရှိနေပါသည်။

လူမွဲခံမှုဥပဒေ ပြဌာန်းခြင်း

– Insolvency အဓိပ္ပါယ်ကို ကျွန်မနားလည်တာကတော့ စက်ရုံတစ်ရုံက ဆက်လက်လည်ပတ်ရန် မဖြစ်နိုင်တော့လျှင် အစိုးရ (သို့မဟုတ်) ငွေကြေးအဖွဲ့အစည်း တစ်ခုခုက ဒီလုပ်ငန်း ဆက်လက်လည်ပတ်နိုင်စေရန်၊ လုပ်ခလစာဆက်လက်ပေးချေနိုင်ရန် ဝင်‌ရောက်ကျားကန်ပေးခြင်း ဖြစ်သည်ဟု နားလည် သဘောပေါက်ထားပါသည်။ ပိတ်သိမ်းသွားတဲ့စက်ရုံများအနေနဲ့ တာဝန်မယူပဲ ထွက်ပြေးသွားတာမျိုးကိုတော့ လက်မခံနိုင်ပါဘူး။ ဒါပေမယ့် ပြန်လေ့လာကြည့်ရင် ပေးစရာ တွေကများလို့ ငွေတွေပေးစရာမရှိတော့လို့ ထွက်ပြေးသွားတယ်ဆိုတာမျိုး ကြားရပါသည်။ တချို့ကလုပ်ခလစာပေးစရာရှိတာပေးပြီးတော့ ဒေဝါလီခံလိုက်ရတဲ့ရုံတွေလည်းရှိပြီး တချို့ကတော့ လုပ်ခလစာကိုတောင် ချေးငှားပြီးပေးနေရတာတွေလည်းရှိပါတယ်။ ဒီနေရာမှာ ပိတ်ရက်များရင် ထုတ်လုပ်မှုလျော့ကျပြီး ဝင်ငွေထိခိုက်နိုင်တာကို သတိပြုမိဖို့လည်းလိုပါတယ်။

စိန်ခေါ်မှုများ

– ပြည်ပအော်ဒါတင်ပို့မှုအနေနဲ့ပြောရလျှင် ပြည်တွင်းပူးပေါင်းမှု ပိုအားကောင်းလာပြီး အထူးသဖြင့် ဒီ COVID ကာလမှာ အကောက်ခွန်ဦးစီးဌာန၊ စီးပွားကူးသန်း စသည်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှု အင်မတန်အားကောင်းလာတာကို တွေ့ရပါတယ်။ ပြည်ပ ဈေးကွက်အနေနဲ့ပြောရလျှင်တော့ သူ့အခက်အခဲက ကိုယ့်အခက်အခဲဖြစ်လာတာလို့ ပြောလို့ရပါတယ်။ အများဆုံးတင်ပို့ရတာကတော့ နိုင်ငံအနေနဲ့ ဂျပန် က ပထမ၊ ဂျာမနီက ဒုတိယပါ။ အဖွဲ့လိုက်အနေနဲ့ပြောရရင်တော့ EU က အများဆုံးပါ။ အခုအချိန်မှာ အမေရိကန်ကလည်း ဝယ်လာတာ ရှိနေပါပြီ။ COVID ဖြစ်နေတဲ့အတွက် သူတို့နိုင်ငံမှာကြုံနေရတဲ့ အခက်အခဲက ကျွန်မတို့အတွက်ပါ စိန်ခေါ်မှုတွေဖြစ်လာပါတယ်။ မရေရာတဲ့ အနာဂတ်ကိုမျှော်လင့်နေတာမျိုးမဟုတ်ပဲ လက်ရှိရတဲ့အခြေအနေပေါ်မှာ မူတည်စဉ်းစားပြီး Diversified Market နှင့် Market Expansion ပြုလုပ်ရမည်ဖြစ်ပါသည်။ သက်ဆိုင်ရာ ဝန်ကြီးဌာန နှင့်ချိတ်ဆက်ပြီး အော်ဒါတွေမပိတ်ဖို့ အော်ဒါတွေရအောင်လုပ်ပေးဖို့ပြောထားတာတွေလည်းရှိပါတယ်။ အော်ဒါများရပြီး စက်ရုံလည်ပတ်မှသာ လုပ်ခလစာပေးနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင် COVID-19 နှင့်ပတ်သက်၍ ကျန်းမာရေးအကာ အကွယ်များဖြင့် လုပ်ဆောင်နေမှုကို Buyers များက အသိအမှတ်ပြုနေပြီဖြစ်ပါသည်။ အထည်ချုပ်စက်ရုံများအနေဖြင့် COVID ကူးစက်မှုကို ကာကွယ်တားဆီးနိုင်လျှင် ထုတ်လုပ်မှု မထိခိုက်ကြောင်း ပြရမှာဖြစ်ပြီး သို့ဖြစ်လျှင် စက်ရုံများအနေဖြင့် ဆက်လက်ရပ်တည်နေနိုင်မယ်လို့ ယုံကြည်ပါသည်။